ဒေးဒရဲမြို့နယ် တိုးကျေးရွာရှိ Facility Quarantine Centre အား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူများသည် ယနေ့နံနက် ၉နာရီက တိုးကျေးရွာအုပ်စုသို့ ကွင်းဆင်း သွားရောက်၍ Facility Quarantine Centre အား ပိုးသတ်ဆေးဖြန်းခြင်းနှင့် Quarantine ဝင်ရောက် နေသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဟိန်း၊ မြို့နယ်လဝကမှူး ဦးထွန်းငြိမ်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူများက Facility Quarantine စခန်းအား ပိုးသတ်ဆေးဖြန်းခြင်း၊ Quarantine ဝင်ရောက်နေသူများကို အားပေးစကား ပြောကြားခဲ့ကြပြီး တိုးကျေးရွာရှိ Facility Quarantine Centre တွင် FQ ဝင်ရောက်လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ်နေသူ သံသယလူနာအား Covid-19 Antigen Rapid Diagnostic test kits (RDT) ဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကိုဗစ်ပိုးမတွေ့ရှိကြောင်း၊ ကျေးရွာရှိ ပရဟိတဆောင်ရွက် နေသူများအား ပရဟိတစိတ်ဓာတ်ဖြင့် အနစ်နာခံ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကျေးရွာရှိပြည်သူများ နားလည်သဘောပေါက်စေရေး ရှင်းလင်း ပြောကြားရန်နှင့် လိုက်နာမှု မရှိသူများအား မှတ်တမ်းတင်၍ မြို့နယ်သို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်နိုင်စေရေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)