လင်းခေးမြို့နယ် နမ့်ခုံးရှမ်းများပရဟိတ (လူမှုကူညီရေး)အသင်း နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

လင်းခေး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ခုံးရှမ်းများပရဟိတ (လူမှုကူညီရေး)အသင်း လင်းခေးမြို့နယ်၏ ၂ဝ၂ဝပြည့်နှစ် အသင်းနှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က လင်းခေးမြို့၊ ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်  အသင်းအမှုဆောင်တာဝန်ရှိသူတို့က အသင်း၏တစ်နှစ်တာအတွင်း လုပ်ငန်း ဆောင်ရွက် နိုင်ခဲ့မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် အသင်းအမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ ဤမြို့နယ်အသင်းအနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့(ဗဟို)၏ ကြီးကြပ် ထောက်ပံ့မှုအားဖြင့် လင်းခေးမြို့နယ်အတွင်းရှိ မြို့နယ်များတွင် လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝမီးဘေး၊ ရေဘေး၊ လေဘေးသင့်ပြည်သူများနှင့် ပုံမှန်ဝင်ငွေမရှိသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူအချို့တို့၏ အခက်အခဲလိုအပ်ချက်များအား ငွေကြေး၊ ပစ္စည်းများ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေအရပ်ရပ်အပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)