တုံတာမြို့၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

တုံတာ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် သစ္စာ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေး အပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့် က တုံတာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကျင်းပရာတွင် တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်း က အဖွင့်အမှာစကား ပြောကြားပြီး မိုင်းပျဉ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေ က သစ္စာစီမံချက်ဖြင့် တုံတာမြို့ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများရှိ အသက် ၁၈နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ/အုပ်စု အုပ်ချုပ် ရေးမှူးများက ဒေသခံများကိုယ်စား လာရောက်လက်ခံရယူကြပြီး တုံတာမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃)အုပ်စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၅)ကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)