တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

တန့်ယန်း  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့် တာဝန်ရှိသူများက ယနေ့က မိုင်းကောင်၊ ပါစန်၊ လွယ်စေးကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရာအုပ်စု (၄၉)အုပ်စု၊ ကျေးရွာ(၆၀၁)ရွာရှိ၍ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံပေါင်း (၉၀)ရှိကာ အသက်(၁၈)နှစ် ပြည့်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၁၉၄၆၆)ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒပြုမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)