သာပေါင်း အောက်တိုဘာ ၁၅
သာပေါင်းမြို့နယ်တွင် မဲရုံလုံခြုံရေး အထူးရဲသင်တန်းသားများအား Rapid Diagnostic Test(RDT)ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ၊ထ၊က သာပေါင်းကျောင်း၊ သော်ကဆောင် ခန်းမ၌ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာ၀န်ထမ်းဆောင်ကြမည့် အထူးရဲ တပ်ဖွဲ့၀င် (၁၃၆)ဦးတို့အား မြို့နယ်ကျန်းမာရေး သူနာပြုဆရာမကြီး ဒေါ်တင်တင်၀င်းနှင့် ဓါတ်ခွဲမှူး ဒေါ်သင်းအိဖြူ ဦးဆောင်သော အဖွဲ့မှကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Antigen(RTD)Test kit များဖြင့် စစ်ဆေးခဲ့ရာ အထူးရဲသင်တန်းသားများတွင် ရောဂါပိုးမရှိကြောင်း(Negative)ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘုရားကုန်း အ၊ထ၊က ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ဘုရားကုန်းနယ်မြေရဲစခန်းမှ အထူးရဲ သင်တန်းသား(၆၇)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ Antigen(RTD)Test kit များဖြင့် စစ်ဆေးခဲ့ရာ အထူးရဲသင်တန်းသားများတွင် ရောဂါပိုးမရှိကြောင်း (Negative)ဖြစ်ကြောင်း သိရှိခဲ့ရသည်။
မျိုးဇော်သိန်း၊ သာပေါင်း(ပြန်/ဆက်)