နမ့်ဆန်၌ ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့ အထိမ်းအမှတ်ပြုလုပ်

နမ့်ဆန်       အောက်တိုဘာ      ၁၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ယနေ့ကျရောက်သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်း နေ့ အထိမ်းအမှတ်အဖြစ်  ဒေသအဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) BRIC စီမံချက်နှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့များပူးပေါင်း၍ ယနေ့ နံနက်(၉) နာရီခန့်က နမ္မဝေါရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး (ယာယီ) တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ပြုလုပ်ရာတွင် BRIC (စီမံချက်တာဝန်ခံ) ဒေါ်စုစုလှိုင်က လက်ဆေးခြင်း ဖြစ်ပေါ်လာပုံသမိုင်း၊ အချိန်ခါတိုင်းတွင် လက်ဆေးရန် အရေးကြီးကြောင်း၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီနှင့် အစာစားပြီးတိုင်း၊ ကစားပြီးတိုင်း၊ အစားအစာ မချက်ပြုတ်မီ အချိန်တိုင်း၊ ကလေးအညစ်အကြေး သန့်စင်ပြီး အချိန်တိုင်းတို့တွင် လက်ကိုစနစ်တကျဆေးကြောခြင်း အသိ ပညာကို ရှင်းပြသည်။ ထို့ပြင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးခင်မောင်က လက်ဆေးနည်းပညာပေး သရုပ်ပြ ခြင်းကို ဆောင်ရွက်ပြီး တက်ရောက်လာသော ကလေးငယ် များ အား လက်ဆေးနည်းကဗျာကို ရွတ်ဆိုစေပြီး ကိုယ်တိုင် လက်ဆေးခြင်းများကို သရုပ်ပြဆောင်ရွက် စေခဲ့ကြကြောင်းသိရသည်။  ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့ အထိမ်းအမှတ်အဖြစ် လက်ဆေးခြင်း သိကောင်းစရာများ၊ စနစ်တကျ လက်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို  BRIC စီမံချက် ကျေးရွာ (၈) ရွာတွင်လည်း စီမံချက်တာဝန်ခံနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က ကွင်းဆင်းဆောင်ရွက်သွားမည်ဟု မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ထံမှ သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)