ညောင်ရွှေ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာ ပေးခြင်းလုပ်ငန်း၊ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ညောင်ရွှေမြို့ အတွင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရန် ပျက်ကွက်သူများအား ကွင်းဆင်းစစ်ဆေး၍ အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော စစ်ဆေးရေး အဖွဲ့များမှ သတ်မှတ်နေရာ(၅)ခု၌ ဆောင်ရွက်ခဲ့ကြပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရန် ပျက်ကွက်သူ များအား အသိပညာပေးခြင်း၊ ဒဏ်ငွေကျပ် (၂၀၀)ကို ဒဏ်ကြေးလက်မှတ်ဖြင့် မှတ်တမ်းရေးသွင်း ပေးဆောင်စေပြီး နှာခေါင်းစည်း (Mask ) တစ်ပါတည်းတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ