မဘိမ်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မဘိမ်း အောက်တိုဘာ ၁၅                        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၁ဝ နာရီအချိန်ခန့် က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန် က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်၊ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြော ကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ ဖြစ်ကြသည့် ဦးမောင်ညိုနှင့် ဦးမင်းမင်းသိန်းတို့ က မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင် က ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မဲရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျထားရှိပေးရန်၊ မဲရုံများအား စနစ်တကျရှိစေရေးအတွက် သတ်မှတ်ပုံစံများအတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရှိရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

မဘိမ်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၅)ရက်တစ်ကြိမ်ဖြင့် တစ်လလျှင် (၂)ကြိမ် ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)