မဘိမ်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ODK (Mobile Application) ဖြင့် အကျိုးခံစားသူ ကောက်ယူစာရင်းသွင်းခြင်းသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

မဘိမ်း အောက်တိုဘာ ၁၅    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် ODK (Mobile Application)ဖြင့် အကျိုးခံစားသူစာရင်းသွင်းခြင်း သင်တန်းဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များစာရင်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင် ၍ ကောက်ယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၄၉၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေး(၂၀၃)ဦးတို့အား တစ်လလျှင် ငွေကျပ်(၁၅၀၀၀/-)နှုန်းဖြင့် ဧပြီလမှ စက်တင်ဘာလအထိ စုစုပေါင်းငွေကျပ်(၉၀၀၀၀/-) အား ဩဂုတ်လအတွင်း ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ပါ ကြောင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအားလုံးနှင့် ကိုယ်ဝန်ဆောင် မိခင်များအားလုံး အကျုံးဝင်မည်ဖြစ်ပြီး ကျန်ရစ်မှုမရှိစေရေးအတွက် သင်တန်းကို ဒုတိယ အကြိမ် ထပ်မံဖွင့်လှစ်ရခြင်းဖြစ်သည်ဟု မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မေအင်ကြင်း က ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မေအင်ကြင်းနှင့် ဝန်ထမ်းများ က ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် အဆိုပါအစီအစဉ်တွင် အသုံးဝင်သည့် အကျိုးခံစားသူများစာရင်းကောက်ယူရာတွင် မှန်ကန်မြန်ဆန်စေ ရေးအတွက် ODK (Mobile Application) အသုံးပြုနည်းများကို မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများမှ စာရေးဝန်ထမ်း (၂၀)ဦးတို့အား အဖွဲ့(၂)ဖွဲ့ခွဲ၍ အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)