ရှားတော၊ အောက်တိုဘာ ၁၅
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွားလူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း နှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာသွားလာ ပါက မဖြစ်မနေ Mask တပ်ဆင် သွားလာရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask များကို ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)