မင်းတပ် အောက်တိုဘာ ၁၅
မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ ဦးဝမ္မသူးမောင်းပန်းခြံရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို မင်းတပ်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံ ဦးထန်းလှေ့က "မင်းတပ်မြို့နယ် ပြင်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထားပြီး ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ကျန်းမာရေးစစ်ဆေးပေးတာ ဖြစ်ပါတယ်၊ မဲရုံပေါင်း (၁၁၆)ရုံမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေထဲမှာ မင်းတပ်မြို့နယ် ပြင်ပကနေ လာရောက်ပြီး တာဝန်ထမ်းဆောင်မယ့်သူ (၁၇၂)ဦးရှိပါတယ်" ဟုပြောကြားသည်။
မင်းတပ်မြို့နယ်ရှိ မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား အောက်တိုဘာလ (၁၇)ရက်နေ့အထိ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာလ (၁၉)ရက်နေ့မှစ၍ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)