မိုင်းဖြတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းတိုက်အတွင်း၌ ဆဋ္ဌမအကြိမ်မြောက် ၁၀၈နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ပြာသိုလဆန်း ၁၀ရက်၊ ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီက စိတ္တသုခကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဦးသုနန္ဒက ရောက်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ဆောင်ခဲ့ပြီး မိုင်းဖြတ်းဖြတ်မြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် မဟာသဓ္မဇောတိကဓဇ ဘဒ္ဒန္ဒ နန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် စိတ္တသုခဝတ်အသင်းသူများက ပဋ္ဌာန်းရောင်ခြည်တော်ဘွဲ့ သံဆန်းကဗျာများကိုလည်းကောင်း၊ ပဋ္ဌာန်းအမွှန်း ဂါထာကို စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးဓမ္မဝံသက လည်းကောင်း၊ ပင့်သံဃာတော် အရှင်သူမြတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသများကိုလည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော်ခဲ့ကြပြီးနောက် အလှည့်ဘာဏက သံဃာတော် အရှင်သူမြတ်တို့က ပဋ္ဌာန်းကျမ်းတော်ကြီးများကို စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ နေ့ညမပြတ် ၁၀၈ နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့ နံနက်၅နာရီ၌ စိတ္တသုခ ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သည့် “သဗ္ဗသုခ”ဆုတောင်းပြည့်စေတီမြတ်ကြီးအား ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် မင်္ဂလာကိုလည်းကောင်း၊ နံနက် ၉နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲကိုလည်းကောင်း၊ မွန်းလွဲ ၂နာရီတွင် ပင့်သံဃာ ၅၀ ပါးအား သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုလည်းကောင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)