မိုင်းယန်းမြို့၌ (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်အား အထွက်တိုးနှုန်းတိုင်းတာခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း         အောက်တိုဘာ      ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ၌ တာဝန်ရှိသူများက(CERP)အစီအစဉ်ဖြင့်ဆောင်ရွက်သောမိုးစပါးမျိုးစေ့ထုတ် တောင်သူဦးအိုက်ပြန့် စံပြစိုက်ကွက်၏ အထွက်တိုးနှုန်းကို   ယမန်နေ့ နံနက်ပိုင်းက  ကွင်းဆင်းတိုင်းတာခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ မျိုးစေ့ထုတ် စံပြစိုက်ကွက် အထွက်တိုး တိုင်းတာချက်အရ  တစ်ဧကလျှင်အထွက်နှုန်းမှာ (၉၆.၁၀) တင်း ထွက်ရှိကြောင်း သိရသည်။

ထို့​နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမားများအား ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး နည်းလမ်းများနှင့် အထွက်ကောင်းမျိုးစပါးများကို ရွေးချယ်ပြီးစနစ်တကျ စိုက်ပျိုးနိုင်ရေး နည်း စနစ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်များ၏ အထွက်နှုန်းများကို တာဝန်ရှိသူများက ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)