မိုးကောင်း အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ(၃၆)ဌာနမှ ဝန်ထမ်းများ စုပေါင်းလှူဒါန်း ငွေကျပ်(၃,၀၆၈,၀၀၀/-)ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရန်ပုံငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၁၁)နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါရန်ပုံငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အမှာစကားပြောကြားပြီး အလှူငွေများကို ဌာနဆိုင်ရာ(၉)ဦးကလည်းကောင်း၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများအရ မဖိတ်ကြားနိုင်သော အလှူရှင်ဌာနဆိုင်ရာ များ၏ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက လည်းကောင်းပေးအပ်လှူဒါန်းရာ မြို့နယ်ဘဏ္ဍာ ရန်ပုံငွေရှာဖွေရေးနှင့် ပြင်ပလှူဒါန်းမှုများ ထိန်းသိမ်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည် ပေးအပ်ခဲ့သည်။ ထို့နောက် ဦးကျော်စိုးက ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားခဲ့သည်။
လှူဒါန်းငွေ (၃,၀၆၈,၀၀၀/-)ကျပ်အနက် ကျပ်(၁၀)သိန်းကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် မြို့နယ်ကုသရေးဦးစီးဌာနသို့ ခွဲဝေ လှူဒါန်း ပေးအပ်ခဲ့သည်။
သန်းလွင်ဦး(ပြန်/ဆက်)