မိုင်းတုံမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မိုင်းဆတ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် (၃၃၅ ဒဿမ ၉၃၈) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး၍ ဒေသခံပြည်သူ (၁၅၂၅)ဦး၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေး အတွက် များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရသည်။

"၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၃၅ ဒဿမ ၉၃၈)သန်းနဲ့ နမ့်ဟူးခွန်-အောင်းလောင်း-ပါချီး ကျောက်ခင်းလမ်း(၂)မိုင်၊ ပုံတောင်းကျေးရွာရှိ အိမ်ထောင်စု (၆၆)စုကို ဆိုလာမီးလင်း (၆၆)စုံနဲ့ ဌာနလုပ်ငန်း(၂)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ လုပ်ငန်းအားလုံးရာနှုန်းပြည့်ပြီးပါပြီ" ဟု ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင် က ပြောသည်။

"အရင်က ရွာမှာ ညအလင်းရောင်အတွက် ဖယောင်းတိုင်မီးကိုပဲ အားထားပြီးသုံးခဲ့ကြရတာဆိုတော့ ငွေကုန် ကြေး ကျလည်းရှိတာပေါ့၊ ပြီးတော့ နွေရာသီဆို မီးဘေးအန္တရာယ်လည်း စိုးရိမ်ရတယ်၊ အခု နတလက အိမ်တိုင်းကို ဆိုလာမီးတပ်ဆင်ပေးထားလို့ ညဆိုတစ်ရွာလုံးမီးလင်းထိန်နေပြီ၊ ဈေးသွားရင် အမြဲဝယ်နေရတဲ့ ဖယောင်းတိုင်အတွက် ကုန်တဲ့ငွေလည်း သက်သာသွားတဲ့အတွက် ရွာသားတွေအားလုံးလည်း ဝမ်းသာနေ ကြတယ်" ဟု ပုံတောင်းကျေးရွာရွာမှ ဦးအိုက်ကျန်း က ပြောသည်။

မိုင်းတုံမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လမ်းနှင့်မီးလင်းရေးလုပ်ငန်းများသည် ကျေးရွာပေါင်း (၄)ရွာရှိ အိမ်ခြေ(၂၉၁)အိမ်မှ ဒေသခံပြည်သူ (၁၅၂၅)ဦးတို့၏ သွားလာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာအထောက်အကူပြုကြောင်း သိရသည်။

သန်းဇော်(မိုင်းဆတ်)