မင်းတပ်မြို့၌ မဲရုံသုံးပစ္စည်းများ ဒုတိယအကြိမ် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ

မင်းတပ်  အောက်တိုဘာ  ၁၆

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စိစစ်ဆောင်ရွက် လျက်ရှိသည်။

မဲရုံသုံးပစ္စည်းများ စိစစ်ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမြင့်အောင် က " မဲရုံသုံးပစ္စည်းတွေကို ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေဆီ ဒုတိယအကြိမ် ထုတ်ပေးနိုင်ဖို့အတွက် စိစစ်ဆောင်ရွက်နေတာရှိပါတယ်၊ မဲထည့်ရာမှာ အသုံးပြုမယ့် ပစ္စည်းတွေ၊ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်တွေအတွက်လိုအပ်မယ့် ပစ္စည်းတွေကို အောက်တိုဘာလ (၂၉)ရက်နေ့မှာ ထုတ်ပေးနိုင်ဖို့အတွက် စိစစ်ဆောင်ရွက် လျက်ရှိပါတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့နယ်ရှိ မဲရုံပေါင်း(၁၁၆)ရုံ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား လုံခြုံမှုရှိစေရန်အတွက် အထူးရဲများနှင့် ပူးပေါင်း၍ ကျေးရွာများရှိ လျာထားမဲရုံနေရာများသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)