တောင်ကြီး ဇန်နဝါရီ ၅
တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ် စာရေးဆရာ အသင်းနှင့် တောင်ကြီးမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ဖလှယ်နိုင်ကြစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယနေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာဖေမြင့်၏ "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်သန်းဦး က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကိုစတင်ရာ ဒေါက်တာ အောင်ကျော် (စာရေးဆရာ ဒေါက်တာအောင်ကျော် (သွားဆရာဝန်)) က "အဆုံးအဖြတ်ပေးတတ်တဲ့သူ"၊ ဒေါ်မိမိလေး စာရေးဆရာမ လှိုင်း(တောင်ကြီး) က "အတိုင်းအတာမသိတဲ့သူ"၊ ဒေါ်ခင်မြကြီး(စာရေးဆရာမခင်(တောင်ကြီး) က "၂၁ ရာစုကြီး နှစ်ပေါင်းတစ်ရာတည်ပါစေ"၊ ဒေါ်မြဝန်းရံ (သံလွင်သွေးချင်းသတင်းဌာန) က "လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ်"၊ ဦးနေသွေးအောင်က "တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း"၊ ဒေါ်မြင့်မြင့်သန်း (စာရေးဆရာမ မြင့်−ရွှေဘို) က "တန်ဖိုးထားအပ်သောအရာများ"၊ ဒေါ်တင်ချမ်းမြေ့ (အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်များဦးစီးဌာန) က "နေတတ်တဲ့လူ"၊ ကဗျာဆရာနေနေ က "သူတစ်ပါးကို လက်ညှိုးထိုးချင်သူ" စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြသည်။ ဆက်လက်၍ စာရေးဆရာ သိုးထိန်းက စာအုပ်၏ရည်ရွယ်ချက်၊ စာအုပ်မှ ရရှိသော အသိပညာဗဟုသုတများနှင့် စာရေးသူ၏ စေတနာများကို သုံးသပ်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် စာအုပ်ပါ ဆောင်းပါးများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက မိမိတို့၏ စာပေအတွေ့အကြုံများဖြင့် ပြန်လည်မျှဝေ ဆွေးနွေးခဲ့ ကြသည်။
တောင်ကြီးမြို့နယ် စာရေးဆရာအသင်းနှင့် တောင်ကြီးမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွက် ဒုတိယအကြိမ် စာဖတ်ဝိုင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ကိုယ်ကျင့်နှင့်သိက္ခာ (ကလောင်စုံ) စာအုပ်ဖြင့် ဝိုင်းဖွဲ့ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)