မတူပီ အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် များမှ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုံတလာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသစ်လွင်သိမ်းက ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအား လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အဓိကထားဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်က မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်မည့် အခြေအနေ၊ ကြိုတင်ဆန္ဒမဲလက်မှတ်ပေးနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများ၊ ဆန္ဒမဲ လက်မှတ်များ ဖြန့်ဝေဆောင်ရွက်မည့် အစီအစဉ်များနှင့် မဲရုံတွင်ထားရှိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလျန်ထန်းက ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)