မိုင်းဖြတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့သည် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းဖြတ်အုပ်စု၊ မိုင်းဖြတ်ကျေးရွာ ရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ထိန်းချုပ်ဓာတုဆေးဝါးများ လမ်းလွဲမရောက်စေရေး နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် တောမီးမရှို့ရေး အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းထွဠ်လွင်က ရွေ့ပြောင်းတောင်ယာစနစ်ပပျောက်ဖို့ ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ်ဖေါ်ဆောင်စို့ ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက ရပ်ကွက်/ ကျေးရွာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ရွေ့ပြောင်းတောင်ယာမခုတ်ရေးနှင့် မီးတားစနစ်ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက ဂေဟစနစ်မျှတရေး ဝိုင်းဝန်းထိန်းသိမ်းပေး ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးတေဇထက်အောင်က မူးယစ်ဆေးဝါးနှင့်တောမီးရှို့ခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အမှိုက်မီးခိုးငွေ့များနှင့် ကျန်းမာရေးပြသာနာများ ဟူသည့်ခေါင်းစဉ်ဖြင့်လည်းကောင်းစသည်ဖြင့် အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပြီး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသည် ကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ သစ်တောများပြုန်းတီးမှု မဖြစ်ရေးအတွက် ရွေ့ပြောင်တောင်ယာများ ခုတ်ထွင်ခြင်းမှ ထိန်းသိမ်းမှုရှိလာစေရန်၊ တောင်ယာ/ဥယာဉ်ခြံများ မီးရှို့ရာ၌ မီးတားစနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးနိုင်မှုများရှိစေရန်အတွက် ဖြစ်ပါကြောင်း၊ ဟောပြောပွဲသို့ မိုင်းဖြတ်အုပ်စုအတွင်းရှိ ဟိုနား(လားဟူ၊ အာခါ)ရွာများမှ ဒေသခံပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။
မိုင်းဖြတ် (ပြန် / ဆက်)