မန္တလေး ဇန်နဝါရီ ၆
လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဒေါက်တာသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အောင်မြေသာစံမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ သန်းဝင်း၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်နှင့် ရာအိမ်မှူးများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားကျင်းပရခြင်းမှာ အောင်မြေသာစံမြို့နယ်အတွင်း၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)