ညောင်တုန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့ ည ၇ နာရီခွဲက ညောင်တုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ဝန်း အနီး၊ မိုးဟုတ်ဘုရားရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
စာပေဟောပြောပွဲတွင် စာရေးဆရာမ သန်းမြင့်အောင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဗေလုဝ(ရုပ်ရှင်သရုပ်ဆောင်)က “၂၀၂၀ အနာဂတ်ခရီးကို တက်ညီလက်ညီ ချီတက်ကြစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
အဆိုပါစာပေဟောပြောပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးနှင့် စာပေကိုချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစုပေါင်း ၁၀၀၀ ဦးခန့် တက်ရောက်နားထောင်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို (၂) ညတိုင် ကျင်းပရာ ယနေ့ညတွင် စာရေးဆရာမ သန်းမြင့်အောင်နှင့် စာရေးဆရာ ဗေလုဝ (ရုပ်ရှင်သရုပ်ဆောင်)တို့က ဟောပြောခဲ့ကြပြီး ဇန်နဝါရီလ ၆ ရက်နေ့ညတွင် စာရေးဆရာ ချစ်ဦးညို၊ ဦးဘုန်း (ဓာတု)နှင့် ညီမင်းညိုတို့က ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)