မိုင်းခုတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့ ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေကို လမ်းဖွင့်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရူသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “လူငယ်ဆိုတာ တက်ကြွရမယ်၊ လန်းဆန်းရမယ်၊ အားအင်တွေရှိရမယ်၊ မျှော်လင့်ချက်တွေရှိရမယ်၊ လူတိုင်းလူတိုင်း အသက်မွေးဝမ်းကြောင်းတွေကိုယ်စီမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်၊ ဆရာဝန်ဖြစ်မှ အင်ဂျီနီယာဖြစ်မှရယ်လို့ မဟုတ်ပါဘူး၊ သူတို့လေးတွေဖြစ်ချင်တာကို ဖြစ်ခွင့်ပေးကြစေချင်ပါတယ်၊ ကျွန်မတို့ တစ်ခါတစ်လေ YouTube မှာ video လေးတွေ ဝင်ကြည့်တယ် အသက်ငယ်ငယ်လေးတွေနဲ့ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်လက်စွမ်းပြပြီး တီးနေတာတွေ၊ Drum တီးနေတာတွေ တွေ့တော့ ကျွန်မစဥ်းစားမိတယ်။ ကျွန်မတို့ငယ်ငယ်ကသာဆိုကြပါစို့ ငါးတန်း၊ ခြောက်တန်းလောက်မှာ ဂစ်တာတီးချင်တယ်လို့ပြောရင် အဆဲခံ အဆူမခံရရင် တော်တော်ကံကောင်းတယ်လို ပြောရမှာပါ၊ ပြီးတော့ ခွင့်မပြုမှာကတော့ ရာခိုင်နှုန်းတော်တော်များများ သေချာပါတယ်၊ ဘယ်အလုပ်မဆို လူငယ်တွေလုပ်ချင်တာကို လမ်းကြောင်းရှာပြီး လမ်းဖွင့်ပေးဖို့လိုပါတယ်”ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက “အားနည်းချက်လား အားသာချက်လား"၊ "အသိအမှတ်လေးတော့ပြုပေးပါ"၊ လူငယ်များနဲ့ အမေ့အိမ်အပြန်"၊ "အလုပ်လုပ်ကြတဲ့အခါ"၊ "ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်ကဘာလဲ"စသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု့ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)