မိုင်းပန် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ကျန်းမာရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ODK Application အသုံးပြုကာ အကျိုးခံစားခွင့်ရှိသူ စာရင်းသွင်းခြင်းလုပ်ငန်းကို ရှေ့လာမည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး ယနေ့ နံနက် (၁ဝ) နာရီအချိန်က ODK Application အသုံးပြုနည်းသင်တန်းကို နမ့်ပန်ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများစာရင်းသွင်းခြင်းလုပ်ငန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများတို့နှင့်အတူ ODK Application အသုံးပြုကာ ကွင်းဆင်း ကောက်ခံရမည်ဖြစ်သောကြောင့် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်နှင့် ဝန်ထမ်းများမှ သင်ကြားပေးခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ (၁၆) ရက် နေ့မှ ဒီဇင်ဘာလ (၂ဝ) ရက်နေ့အထိ အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ခံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)