မော်ချီး​ဒေသ ​ကျေးရွာ(၃)ရွာအတွက် အိမ်သုံးဆိုလာ(၉၅)စုံနှင့် စာသင်​ကျောင်းများအတွက် အိမ်သုံးဆိုလာ၊ မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့​ပေးအပ်

ဖား​ဆောင်း   ​အောက်တိုဘာ  ၁၆

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသ၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာ​​ရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး (ပြည်နယ်)ရန်ပုံ​ငွေဖြင့် ​ကျေးရွာ(၃)ရွာအတွက် အိမ်သုံးဆိုလာ(၉၅)စုံ၊ အမက(ခွဲ) တနန်း​​လော့စာသင်​ကျောင်းအတွက် အိမ်သုံးဆိုလာ(၁)စုံ​နှင့် (အမက) စာသင်ကျောင်း(၂)​ကျောင်းအတွက် မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယ​မန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က လိုခါးလို​ကျေးရွာ ခန်းမ​ဆောင်၌ ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်​ရေးရုံးမှ ညွှန်ကြား​ရေးမှူး ဦး​အောင်​ကျော်ထူးက အဖွင့်အမှာစကား​ ပြောကြားရာတွင် ​ဝေးလံ​ခေါင်သီးပြီး လျှပ်စစ်မီးမရရှိ​သေးသည့် ​ကျေးရွာများတွင် မှီတင်း​နေထိုင်ကြ​သော တိုင်းရင်းသားညီအစ်ကို​မောင်နှမများ ပညာသင်ကြားရန်နှင့် လုပ်ငန်းလုပ်ကိုင်​ဆောင်ရွက်ရာတွင် အ​ထောက်အပံ့ဖြစ်​စေရန် ရည်ရွယ်၍ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ကရယ်ခီး​ကျေးရွာ(၃၅)စုံ၊​ ဒေကာခီး​ကျေးရွာ(၁၀)စုံနှင့် ဗဟိုး​ကျေးရွာ(၅၀)စုံ၊ (အမက)ခွဲတနန်း​လော့​ကျောင်းအတွက် အိမ်သုံးဆိုလာ(၁)စုံ၊​ ထောက်ပံ့​ပေးသွားမည်ဖြစ်​ကြောင်း၊ ထို့ပြင် နယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဗဟန်း​လော့(အမက)​ကျောင်းနှင့် ကဗွေဖိုး(အမက)​ကျောင်းတို့အတွက် မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ(၁)စုံစီကိုလည်း​ထောက်ပံ့​ပေးအပ်သွားမည်ဖြစ်​ကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်​ရေးရာ ဝန်ကြီးဌာန (ပြည်​ထောင်စု)ရန်ပုံ​​ငွေဖြင့်  ယူဟဲ​ဒေါခို ​ကျေးရွာအတွက် (၃၁)စုံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ် (ပြည်နယ်အစိုးရ)ရန်ပုံ​ငွေဖြင့် ကရယ်ခီး​ကျေးရွာအုပ်စု ယူဟဲ​ဒေါခို​ကျေးရွာနှင့် ထိုကဒူး​ကျေးရွာတို့ အတွက် အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်း(၅၉)စုံ​ ထောက်ပံ့​ပေးအပ်ခဲ့ပြီးဖြစ်​ကြောင်း၊ ထပ်မံ၍​နှောင်လာမည့် ဘဏ္ဍာ​ရေးနှစ်တွင်လည်း လတ်တ​လော မီးမရရှိ​သေးသည့် ​ကျေးရွာများအတွက် အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ​ ထောက်ပံ့​ပေးနိုင်​ရေး ထည့်သွင်းလျာထား​ဆောင်ရွက်သွားမည် ဖြစ်ကြောင်း​ ပြောကြားခဲ့သည်။

ယင်း​နောက် အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်​ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်​ကျော်ထူး၊ ဖား​ဆောင်းမြို့နယ် အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် တာဝန်ရှိသူများက ​သက်ဆိုင်ရာ​ကျေးရွာ အုပ်စုအုပ်ချုပ်​ရေးမှူးများ၊​ ကျောင်းဆရာ၊ ဆရာမများထံ အသီးသီး ​ပေးအပ်ခဲ့ပြီး ​ကျေးရွာများကိုယ်စား ​ဒေသခံတစ်ဦးက ​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)