ပုံပါကျင်မြို့တွင် နေအိမ်ပြင်ပထွက်ခွာသူများ Mask များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး

ပုံပါကျင်၊            အောက်တိုဘာ            ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်ခြင်း ရှိ/မရှိနှင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီက ပုံပါကျင် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူတွေက လက်ဆေးရမယ် Mask တပ်ရမယ် ဆိုတာတော့ တော်တော်များများသိလာကြပါပြီ၊ အခုက မိုင်းတုံမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူရှိလာတော့ ပြည်သူတွေပိုပြီး သတိထားလာပါပြီ၊ အသွားအလာတွေလည်း အရင်ကထက် အတော်နည်းလာပါပြီ၊ ကိုယ့်မြို့မှာ ကိုဗစ်-၁၉ရောဂါ ရောက်မလာဖို့ကတော့ တစ်ဦး တစ်ယောက်ချင်းစီမှာ တာဝန်ရှိတာပေါ့” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ထိုသို့စစ်ဆေးရာတွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်လာခြင်းမရှိသူများအား mask (၇)ခုကို ငွေကျပ် ၂၀၀၀ ဖြင့်ဝယ်ယူစေပြီး နေအိမ်ပြင်ပထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ရန်၊ နှာခေါင်းစည်း တပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်ရန်နှင့် စနစ်တကျ စွန့်ပစ်တတ်စေရေးတို့ကို ပညာပေးဆောင်ရွက်ခဲ့ပြီး mask တပ်ဆင်ခြင်းရှိ/မရှိကို နေ့စဉ် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စန္ဒီ(ပြန်/ဆက်)