လပွတ္တာ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော လပွတ္တာမြို့ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် လပွတ္တာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား လူငယ်များ လာရောက်ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ ပြင်ဆင် ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့်အားကစားပွဲပြုလုပ်ရန်နေရာပြင်ဆင်ခြင်း၊ စာအုပ်အရောင်းပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ မုခ်ဦးများဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လပွတ္တာမြို့ ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန် ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ပညာရေးပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ပြခန်း၊ စည်ပင်ပြခန်း၊ ကလေးစာဖတ်ခန်းများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်အောင် (ပြန်/ဆက်)