မိုင်းတုံ၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ်နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့အဝင်ဂိတ်များဖြစ်သည့် တောင်ကြီးမြို့ဘက်မှ အဝင်ဂိတ်၊ မိုင်းဆတ်မြို့ဘက်မှအဝင် နောင်ပါရင်ဂိတ်နှင့် ပုံပါကျင်မြို့ဘက်မှအဝင် ဟောင်လီဂိတ်တို့မှ ယမန်နေ့က ဖြတ်သန်း သွားလာသော မော်တော်ယာဉ် (၆၀)စီးမှ ခရီးသည်(၁၀၆)ဦးတို့အား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အားTest Kit(RDT) ဖြင့် စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်များ ပါရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ခရီးသွားလာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ ရဲတပ်ဖွဲ့များနှင့်စေတနာ့ ဝန်ထမ်းများ ပါဝင်သောအဖွဲ့တို့က နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)