ဗန်းမော် ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံတောင်သူလယ်သမားများ ကိုင်တွယ်ကျွမ်းကျင် တတ်မြောက်စေရန် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးငြိမ်းသောင်းက "တောင်သူလယ်သမားများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျကိုင်တွယ် အသုံးချနိုင်ရေး၊ စက်မှုအသိပညာများကို တတ်သိနားလည်ရမည်ဖြစ်ကြောင်း၊ ဒေသခံ တောင်သူလယ်သမားများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကိုင်တွယ် ထိန်းသိမ်းမောင်းနှင် ပြုပြင်ခြင်း စသည့် အခြေခံ နည်းပညာများကို သိရှိနားလည်ပြီး ကိုင်တွယ်ကျွမ်းကျင်တတ်မြောက် ထားဖို့လိုအပ်ကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ဝင်းက သင်ကြားမည့် ဘာသာရပ်များနှင့်ပတ်သက်ပြီး ဆက်လက် ပြောကြားခဲ့သည်။
သင်တန်းတွင် စက်ကိရိယာများကိုင်တွယ်မောင်းနှင်ထိန်းသိမ်းသည့်အခါ လိုက်နာရမည့် အချက်များ၊ လမ်းမနှင့်လယ်ကွက်အတွင်း မောင်းနှင်ရာ၌ သိရှိရမည့်အချက်များ၊ စက်ကိရိယာများကို ပြုပြင်ထိန်းသိမ်းခြင်း၊ စနစ်တကျမြေဖော်ထုတ်နည်းလမ်း စသည်တို့ကို
ဗွီဒီယိုမှတ်တမ်းများဖြင့် သင်တန်းသား(၃၀)ဦးအား ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)