ဟင်္သာတမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေး

ဟင်္သာတ    အောက်တိုဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ် များကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ် အလိုက် လက်မှတ်များအား ရရှိမည့်အရေအတွက်အတိုင်း ပြည့်/မပြည့်၊  စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲ လက်မှတ်များ ပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ် လောင်းအရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ (logo)များ မှန်ကန်မှု ရှိ/ မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းများကို စိစစ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များစစ်ဆေးရာတွင် ဟင်္သာတမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် (၆၀၆၈) အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်(၆၁၀၆)အုပ်၊ တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် (၃၀၂၂)အုပ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) ဆန္ဒမဲလက်မှတ် (၃၀၁၁)အုပ်၊ ကရင်တိုင်းရင်းသားလွှတ်တော် ဆန္ဒမဲလက်မှတ် (၇၁၉)အုပ်၊ ရခိုင်တိုင်းရင်းသားလွှတ်တော် ဆန္ဒမဲ လက်မှတ်(၁၅)အုပ်တို့ကို စစ်ဆေးလျက်ရှိရာ ဟင်္သာတမြို့နယ်သည် မဲဆန္ဒရှင်စုစုပေါင်း (၂၇၀,၀၀၀) ခန့်ရှိသဖြင့် ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် မြို့နယ်ထွေ/အုပ်မှ ပံ့ပိုးကူညီဆောင်ရွက်သော ဝန်ထမ်းများဖြင့် ပူးပေါင်းကာ အချိန်မီပြီးစီးရေးစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)