မိုးနဲ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တွင် အကျုံးဝင်သူစာရင်းများ ကောက်ယူ နိုင်ရေးအတွက် ODK Collect (Mobile Application) ဖြင့် စာရင်းရေးသွင်းနည်းသင်တန်းကို မြို့နယ် ကမ္ဘေဇခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက် နှစ်ရက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းဆာနှင့် လူမှုဝန်ထမ်း(၄) ဒေါ်နန်းစိုးစိုး တို့က ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ်တွင် ပါဝင်မည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များ ကျန်ရှိမှုမရှိစေရေး ODK Collect (Mobile Application) စနစ်ဖြင့် စနစ်တကျ ကောက်ယူနိုင်ရေးအတွက် ကောက်ယူနည်းများကို သင်ကြား ပို့ချပေးခဲ့ပြီး ရှမ်း၊ မြန်မာ၊ လီဆူ၊ လားဟူ ဘာသာဖြင့် ထုတ်ဝေထားသော စာရင်းကောက်ယူ ရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းများ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းချိန်ကို မနက်ပိုင်းနှင့်ညနေပိုင်း အဖွဲ့နှစ်ဖွဲ့ဖြင့် ဖွင့်လှစ်ပို့ချပြီး မိုးနဲမြို့နယ် (ကျိုင်းတောင်းမြို့) အပါအဝင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းမှ ရပ်/ကျေးစာရေး ၂၆ ဦး တက်ရောက်ခဲ့ကြပြီး (ဒုတိယအကြိမ်) စာရင်းကောက်ယူရေးသွင်းခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ၂၀ ရက်နေ့အထိ ရပ်/ကျေးစာရေးများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ရာ ထပ်တိုးကိုယ်ဝန် ဆောင်များနှင့် ကလေးငယ်များကျန်ရှိမှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်အတွင်း ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကိုယ်ဝန်ဆောင်မိခင် ၂၃၇ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်ပေါင်း ၁၇၂ ဦးကို တစ်လလျှင်ထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်စီ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)