နမ့်ခမ်း အောက်တိုဘာ ၁၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ အပြင်ဘက်သို့ သွားလာနေသော ပြည်သူများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း အခုဝယ်/အခုတပ်စနစ်ဖြင့် နမ့်ခမ်းမြို့၊ ပြည်ထောင်စုလမ်းမပေါ်ရှိ မြို့လယ်ဘုရားကျောင်းအနီး၌ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
နမ့်ခမ်းမြို့၊ ပြည်သူများအား နှာခေါင်းစည်းစနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာမှ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ မြို့တွင်း၌ သွားလာနေသူများကို ကြပ်မတ်စစ်ဆေး၍ ဒဏ်ငွေပေးဆောင်စေပြီး နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပေးမှာကြားသည်။ “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ ကာလမှာ နေအိမ်ပြင်ပသို့ ထွက်သွားတဲ့အခါတိုင်း နှာခေါင်းစည်းတွေကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြဖို့နဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိတဲ့သူတွေကို အခုဝယ်၊ အခုတပ်စနစ်ဖြင့် ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပါတယ်”လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိမ်းချုပ်၊ကုသရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ပြီး မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် NMBG လူမှုရေးပရဟိတအဖွဲ့များက ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)