ကျန်းမာရေးထောက်ခံစာပါရှိမှသာလျှင် ခရီးသွားပြည်သူများအား နမ့်ခမ်းမြို့သို့ ဝင်ရောက်ခွင့်ပြု

နမ့်ခမ်း  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ခရီးသွားလာပြည်သူများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တို့၌ ကြိုတင်ကာကွယ်စစ်ဆေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က စတင်ပြီး ရောဂါကင်းရှင်း ကြောင်း ကျန်းမာရေးထောက်ခံစာပါရှိမှသာလျှင် မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုသည်။

ရောဂါကြိုတင်ကာကွယ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍  "မူဆယ်မြို့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိလူနာအချို့ဟာ ခရီးသွားရာဇဝင်မရှိခြင်း၊ ရောဂါပိုးရှိလူနာထိတွေ့မှုမရှိပဲ မြို့တွင်းအချင်းချင်း ရောဂါကူးစက်မှု ရှိလာတဲ့အတွက် မူဆယ်ဘက်နှင့်တခြားဒေသမှ ပြန်လာကြတဲ့ ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေကို  မူဆယ်မြို့မှ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်တစ်ခါထဲပါလာမှသာ မြို့ထဲကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး အဆိုပါထောက်ခံချက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်နှင့် နမ့်ခမ်းမြို့မှာ သွားရောက်နေထိုင်မယ်နေရာ၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်တွေကို အတိအကျကောက်ယူ သွားမယ်၊ ထောက်ခံချက်များမပါဘဲ လာရောက်သူတိုင်းကို နမ့်ခမ်းမြို့အတွင်း ပေးမဝင်ဘဲ ပြန်လည်စေလွှတ်ခြင်းကို ယနေ့က စတင်ပြီး ဆောင်ရွက်နေပါတယ်" လို့ စစ်ဆေးရေးဂိတ် တာဝန်ကျသူတစ်ဦးက ရှင်းလင်းပြောကြားသည်။

စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် NMBG ပရဟိတ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး (ပြန်/ဆက်)