ချီဖွေမြို့နယ်အတွင်းရှိ (၄)မိုင်တပ်စခန်း စုစည်း-တောင်သုံးလုံး-မက်လင်ကော့ (၁၉)မိုင်လမ်း စီမံကိန်းများအား ကွင်းဆင်းခြင်း ဆောင်ရွက်

ချီဖွေ  အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ချီဖွေ-ဆော့လော်မြို့နယ်ချင်းဆက် လမ်းဖြစ်သော ချီဖွေမြို့နယ် (၄)မိုင်တပ်စခန်း စုစည်း-တောင်သုံးလုံး-မက်လင်ကော့ (၁၉)မိုင်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ အကျယ်(၂၀)ပေ(၈/၀)မိုင် ကျောက်တောင်မိုင်းခွဲခြင်း၊ လုပ်ငန်းများကို (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျောက်တောင် မိုင်းခွဲ၍ (၁)မိုင်နှင့်(၃)မိုင် လမ်းတာချဲ့ခြင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်(၂)မိုင် လမ်းတာချဲ့ခြင်းနှင့် အတက်အဆင်း မတ်စောက်နေရာ (၅)နေရာစသည့်နေရာ အသီးသီးအား ပြုပြင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့်  အဖွဲ့သည် လုပ်ငန်းမစတင်မီ မြေပြင်ကွင်းဆင်းခြင်း လုပ်ငန်းများကို အောက်တိုဘာလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါအောင်ကုမ္ပဏီမှ လုပ်ငန်းစတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချီဖွေမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ပေ(၂၀)ကျယ်၍ အတက်အဆင်း ပြေပြစ်သော လမ်းဖြစ်လာပြီး  မော်တော် ယာဉ်နှင့် ကုန်ပစ္စည်းတင်ယာဉ်များ ကောင်းမွန်စွာ သွားလာနိုင်ကာ ချီဖွေ-ဆော့လော် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် လမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)