ပူတာအို အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရမည့် မဲရုံသုံး ပစ္စည်းများကို အောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ်အသုံးပြုကာ ပို့ဆောင်ပေးလျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာ အုပ်စု(၂၃)အုပ်စု၊မဲရုံပေါင်း(၃၆)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း(၈၅၆၀)ဦးတို့ ဆန္ဒမဲပေးနိုင်ရေး မဲရုံသုံးပစ္စည်းများ အချိန်မီဖြန့်ဝေပေးနိုင်ရန်အတွက် မဲရုံသုံး ပစ္စည်းပေါင်း(၂၅)မျိုးအနက် မဲပုံးများ၊ မဲလက်မှတ်များ၊ ကြိုတင်မဲစာအိတ်များနှင့် မဲရုံသုံးပစ္စည်းများကို ပထမအကြိမ် အနေဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်မဲရုံသုံး ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ တပ်မတော်ရဟတ်ယာဉ်အသုံးပြုကာ မဲရုံသုံးပစ္စည်းများအဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေးအတွက် တပ်မတော်သားများနှင့်မီးသတ်တပ်ဖွဲ့၀င်များက ကူညီဆောင်ရွက်ပေးနေမှုများကို ပူတာအိုအခြေချ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပြန်/ဆက်)