ကလေးစာပေပွဲတော်(ကျုံပျော်)အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 ကျုံပျော် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို အ.ထ.က(၁)ကျုံပျော်၊ အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရေှးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကလေးများပွဲတော်တွင် ပျော်ရွွင်စွာပါဝင်ဆင်နွဲနိုင်စေရေးအတွက် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို အဖွင့်အမှာစကားပြောကြားသည်။ 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဒေါ်မာလာဝင်းက ယခုစာပေပွဲတော်သည်ကလေးများ ပျော်ရွှင်အောင်၊ စာပေနှင့်မွေ့လျော်အောင် ဦးတည်ကျင်းပပေးသည့်ပွဲ ဖြစ်သည့်အတွက် အနှစ်သာရရှိစွာ အောင်မြင်နိုင်ရေး၊ ပါဝင်မည့် ကဏ္ဍများအလိုက် စနစ်တကျရှိစေရေး အကြံပြုဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုးက ကလေးစာပေပွဲတော် ကျင်းပရန်ဆောင်ရွက်ထားရှိမှုများ နှင့် သက်ဆိုင်ရာကော်မတီများက ကဏ္ဍအလိုက်ကြိုးစားဆောင်ရွက်သွားရန်တို့ကို ပြောကြားသည်။

ထို့နောက် ကျင်းပရေးဆပ်ကော်မတီ အသီးသီးက လုပ်ငန်းပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကာ ပြခန်း၊ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲ၊ ကစားပွဲနှင့် စာအုပ်အရောင်းပြခန်း ထားရှိမည့် နေရာများအား လိုက်လံကြည့်ရှုကြသည်။

အဆိုပါ ကလေးစာပေပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ (၁၀၊ ၁၁) ရက်တို့တွင် ဖျော်ဖြေပွဲ၊ စာပေဟောပြောပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ပြခန်း၊ စာအုပ်ဈေးရောင်းပွဲများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပျော်ရွွင်စွာလာရောက်ဆင်နွဲနိုင်ကြောင်း သိရသည်။

နေဝင်း(ကျုံပျော်)