မိုင်းယောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မိုင်းယောင်းစပါးများအား ကုန်ကြမ်းမှကုန်ချောသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသူများက ကုန်ကြမ်းဖြစ်သောစပါးမှ ကုန်ချောဖြစ်သော ဆန်ရောင်းချနိုင်ရေး၊ အခွန်ပေးဆောင်မှု၊ ဒေသအတွင်းစိုက်ပျိုးမှုမှ ထွက်ရှိလာသော စပါးများအား ဆန်စက်တွင်ကြိတ်ခွဲမှု၊ ဆန်စက်တွင် စပါးများ ပိုမိုကြိတ်ခွဲနိုင်ရေးသည် စပါးရောင်းချနိုင်မှု အပေါ်မူတည်မှု၊ စပါးများအား အခြားဒေသသို့ ရောင်းချခြင်းကို ပိတ်ထားသည့်အတွက် ဖြစ်ပေါ်လာနိုင်သည့်အချက်များ၊ ဆန်အဖြစ် ပြန်လည်ရောင်းချနိုင်ရေး၊ ထွက်ရှိသမျှစပါးများကို ဆန်စက်မှကြိတ်ခွဲမပေးနိုင်ခြင်းနှင့် ပေါက်ဈေးဖြင့် ဝယ်ယူမှုမရှိပါက တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ ဈေးကွက်ဖော်ဆောင်မည့် စနစ်၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့်နည်းလမ်းများ စသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မိုင်းယောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားအစုအဖွဲ့၊ သမဝါယမအစုအဖွဲ့၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ရေးအစုအဖွဲ့၊ မြို့မိမြို့ဖများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း