ဆဒုံးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း

ဆဒုံး အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မိုးစပါးရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်တွင်၊ ဘာခေါင်ကွင်း၌ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသန်းနိုင်ဦးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဂမ်ဆိုင်းတို့က ဦးဆောင်ပြီး တောင်သူများနှင့် မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တောင်သူ ဦးတင်ငွေ၏လယ် ဦးပိုင်အမှတ်(၆)တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစပါးထောက်ပံ့ပေးထားသည့် နယူးအေရာသစ် မျိုးစပါးရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း (၉၄) တင်းရရှိပြီး တောင်သူ ဦးပေါ်တိန့်၏လယ် ဦးပိုင်အမှတ် (၂၇)တွင် မျိုးစပါး GW-1 ရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း (၇၀) တင်းရရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းခြင်းဖြင့် ဆဒုံးမြို့လူဦးရေ အနည်းအများ​အပေါ်မူတည်၍ မိုးစပါးအထွက်နှုန်း တွက်ချက်ပြီး ဒေသဝမ်းစာ ဖူလှုံမှုသိရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်း ဖြစ်​ကြောင်း သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)