ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ တက္တသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

ကျောက်ဆည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် ယနေ့ နံနနက်(၉)နာရီက မန္တလေး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်သန်းမြင့်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ဦးစိုးလွင်(ပညာ)တို့က ကျောင်းသား/ကျောင်းသူများ ပညာသင်ယူနေမှုအပေါ် စိတ်ဝင်စားမှုများ မိဘအုပ်ထိန်းသူများ၏ ကူညီပံ့ပိုးမှုများ စသည့်အကြောင်းအရာများကို ဆရာများက ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီအလိုက် သေချာလေ့လာပြီး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးကာ မိမိတို့တာဝန်ယူနေကြသည့် ကျောင်းများအတွက် အောင်ချက်မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက်ခရိုင်ပညာရေးမှူးဒေါက်တာဉမ္မာကြည်က ခရိုင်အတွင်းရှိကျောင်းများအားလုံး အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ယမန်နှစ်က အောင်ချက်နည်းပါးခဲ့သည့် ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်ကြီး များကလည်း ယခုနှစ်တွင် အောင်ချက်မြင့်မား ရေး ၎င်းတို့ဆောင်ရွက်ထားရှိသည့် အကြောင်းအရာများ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ပြန်/ဆက်)