ဖားဆောင်း အောက်တိုဘာ ၁၉
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်တွင် အိတ်ချ်ပီဗွီ ကာကွယ်ဆေး (HPV)Vaccineကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိဖြူသွယ်က အိတ်ချ်ပီဗွီ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု နှုန်း၊ သေဆုံးမှုနှုန်း လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိအသက်(၉)နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်တွင် အိတ်ချ်ပီဗွီ ကာကွယ်ဆေးအား ထည့်သွင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၀ပြည့်နှစ် စက်တင်ဘာ လမှ ၂၀၁၁ ခုနှစ်သြဂုတ်လအတွင်းမွေးဖွားသည့် အသက်(၉)နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးငယ် များကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ၂၁ရက်နေ့တွင် စတင်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (၁၃)မျိုးမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းအသိပေးဆွေးနွေးခဲ့သည်။
ဖားဆောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်(၂၅၇)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအိဖြူသွယ်ထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)