မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းခုတ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၁၀၀)ကို သယ်ဆောင်၍  မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်မြေရဲစခန်းတို့တွင် စာဖတ်ပရိသတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကို လက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေ ဝါသနာရှင်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)