မံစီ အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက မံစီမြို့မ ရဲစခန်း၌ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ် မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန် နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များကို ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂) ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသားလွှတ်တော် စသည်ဖြင့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မံစီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြမင်းမင်းထိုက်နှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)