တီးတိန် အောက်တိုဘာ ၁၉
ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနားကို တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေး ဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေး တင်ပြခဲ့သည်။
ဆက်လက်၍ ဆွောင်းဇန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦထန်ခန့်ဒါလ်းက ဆွောင်းဇန်ကျေးရွာအတွင်း ကိုရီးယားသမ္မတနိုင်ငံ (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကျေးရွာပေါင်း(၄၀)ရွာမှ ကိုရီးယားသမ္မတနိုင်ငံ (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ချင်းပြည်နယ်တွင် တီးတန်မြို့နယ်မှ ဆွောင်းဇန်ကျေးရွာ၊ ထန်တလန်မြို့နယ်မှ သီကီရ်းကျေးရွာတို့တွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း အကောင်အထည်ဖော်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအထောက်အပံ့အဖြစ် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ဒေါ်လာ(၂)သောင်းနှင့် ညီမျှသော မြန်မာငွေအား ကျေးရွာကော်မတီထံသို့ အပ်နှံထားပြီး ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)