မိုင်းဆတ်မြို့၌၂၀၁၉-၂၀၂၀ပညာသင်နှစ်အခြေခံပညာအထက်တန်းကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်၂၀၁၉-၂၀၂၀ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရေချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ယခုနှစ်မှာမိမိတို့မိုင်းဆတ်မြို့နယ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အဆင့်သာမက ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ထိ ဆုများရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မိမိတို့မြို့နယ်အနေနှင့် ပညာရေးကဏ္ဍမှ ဆရာ၊ဆရာမများ အရည်အချင်းမှာ တိုးတက်အားကောင်းလာမှုရှိသလို ကျောင်းသား ကျောင်းသူများမှာလည်း ထူးချွန်ထက်မြက်မှုများ သိသာစွာ ပေါ်ထွန်းလာကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းဝေက ပြောင်းလဲနေသည့် ကမ္ဘာ့လူနေမှုအသိုင်းအဝိုင်းမှာ နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကလေးများအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းဖြစ်လာစေရန်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အစပြုခဲ့သည့် သင်ရိုးသစ်မှာ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတုတ္တမြောက်နှစ် ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ပညာရေးခေတ်စနစ်သစ်နှင့်အညီကာယ၊ ဉာဏမျှတပြီး နောင်အနာဂတ်အတွက် နိုင်ငံအကျိုးသယ်နိုင်မည့် ကျောင်းသား၊ကျောင်းသူလေးများဖြစ်လာစေရန် မိဘပြည်သူများက လည်းဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား သည်။

ထို့နောက် “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွန်းကပေးအပ်သော ကျောင်းသာယာလှပရေးရန်ပုံငွေကျပ်(၃)သိန်းအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝေက လက်ခံရယူကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာရည်ချွန်ထူးချွန်ဆု များ၊အားကစားထူးချွန်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ တက်ရောက်ကြပြီး မိုင်းဆတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေကြကာ အခြေခံပညာ အထက်ကျောင်းစုံညီပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်မောင်-(ပြန်/ဆက်)