မန္တလေး ဇန်နဝါရီ ၆
ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသည့် အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ယနေ့ နံနက် ၉နာရီက မိဘအုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူ သုံးဦးသည် ဇန်နဝါရီလ ၃ရက်နေ့ ညနေပိုင်း ကျောင်းဆင်းချိန်တွင် အလုပ်လုပ်ကိုင်ရန် အတွက် မန္တလေးမြို့သို့လာရန် ပဲခူးမြို့မှ ရန်ကုန်သို့ လိုင်းကားဖြင့် လိုက်ပါလာခဲ့ပြီး ရန်ကုန်မြို့မှ တစ်ဆင့် မန္တလေးမြို့သို့ ခရီးသည်တင် မှန်လုံယာဉ်လိုင်းဖြင့် ထပ်မံ စီးနင်းလိုက်ပါလာခဲ့ရာ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၅နာရီခွဲအချိန်ခန့်က မန္တလေးမြို့၊ ကျွဲဆည်ကန် ကားကြီးကွင်းသို့ ရောက်ရှိ၍ ကားကြီးကွင်းမှ ဈေးချိုသို့ လိုင်းကားဖြင့် လိုက်ပါလာခဲ့သည်။
၎င်းနောက် နီးစပ်ရာ ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်ပြီး အလုပ် လုပ်ကိုင်ရန် စုံစမ်းနေစဉ် သီရိဟေမာအရှေ့ ရပ်ကွက်၊ ၂၆×၂၇လမ်းကြား၊ ၈၇×၈၈ လမ်းကြားဆိုသူမှ ရပ်ကွက်အတွင်း တွေ့ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းထံ အကြောင်းကြားသဖြင့် ဦးစန်းလင်းမှ တစ်ဆင့် အမျိုးသမီးငယ်များကို စစ်ဆေးမေးမြန်းကာ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် မိဘများထံ ဆက်လက်အကြောင်းကြား၍ အမျိုးသမီးငယ်သုံးဦးကို ရပ်ကွက်အုပ်ချုပ်ရုံးတွင် အမျိုးသမီး အဖော်များဖြင့် ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်လွှဲပြောင်းအပ်နှံရာသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်ယဉ်နွယ် နှင့် ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ် အိုက်လုံကျင်၊ အမှတ်(၆) နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်မင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းနှင့် ရာအိမ်မှူးများ၊ နေအိမ်မှထွက်ပြေးလာသူ ပဲခူးမြို့နေ အသက် (၁၄/၁၅/၁၆)နှစ် အရွယ်များရှိ နဝမတန်းကျောင်းသူ သုံးဦးတို့နှင့် ၎င်းတို့၏ မိခင်များ၊ ဆွေမျိုးများ တက်ရောက်ခဲ့ပြီး ရဲအုပ်အိုက်လုံကျင်၊ ဒေါ်လှိုင်ယဉ်နွယ်နှင့် ဦးစန်းလင်းတို့က လူကုန်ကူးမှုများအကြောင်း အသိပညာပေး၍ ဆုံးမစကားများ ပြောကြားကာ အမျိုးသမီးငယ် သုံးဦး၏ မိခင်များထံ အသိသက်သေများ ရှေ့တွင် ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)