ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေးဆောင်ရွက်

ချီဖွေ  အောက်တိုဘာ  ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချီဖွေမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌  ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက် အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ် ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်း များ၏ အမည်၊အသုံးပြု သင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များကို ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂) ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသား ဆန္ဒမဲလက်မှတ်  စသည့်ဖြင့် ဆန္ဒမဲလက်မှတ်များ၊ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ချီဖွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်မင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)