လားရှိုးမြို့တွင် တရုတ်လမုန့်စားပွဲတော်အတွက် လမုန့်များရောင်းချ

လားရှိုး စက်တင်ဘာ ၂၉

လားရှိုးမြို့တွင် တရုတ်လမုန့်စားပွဲတော်အတွက် တရုတ်လမုန့်များ ရောင်းအားကောင်းနေကြောင်း သိရသည်။ တရုတ်လမုန့်များကို လားရှိုးမြို့တွင် မန်ဆူဈေးနှင့်မြို့မဈေးတို့တွင် အများအပြား ရောင်းချလေ့ရှိကြပြီး လမုန့်တစ်ဗူးလျှင် ၃၀၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်ထိ ဈေးပေးဝယ်ယူရကြောင်း သိရသည်။

“လမုန့်ကတော့ ဈေးအမျိုးမျိုးရှိတာပေါ့။ ဈေးနှုန်းကွာတာကတော့ ထုပ်ပိုးမှုရယ်၊ မုန့်ထဲမှာပါတဲ့ အသားနဲ့အစာတွေပေါ်မူတည်တာပေါ့။ လမုန့်စားပွဲမတိုင်ခင် ရောင်းချတာပေါ့။ တော်သလင်းလပြည့်ကျော်ရင်တော့ ဒီလိုများများစားစားမရောင်းချတော့ပါဘူး။” ဟု လမုန့် ရောင်းချသူတစ်ဦးက ပြောသည်။

လမုန့်စားပွဲတော်ကို တရုတ်ပြက္ခဒိန်၏ ၈ လမြောက် ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး အင်္ဂလိပ်ပြက္ခဒိန်အရ စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလ အစပိုင်းလောက်တွင် ပွဲတော်ကျရောက်လေ့ရှိကြောင်း သိရသည်။

တရုတ်လူမျိုးတို့တွင် အဓိကထားသည့် ရက်ကောင်းရက်မြတ် ၄ ရက်ရှိပြီး ၎င်းတို့မှာ တရုတ်နှစ်သစ်ကူး၊ တရုတ်ရိုးရာသချိုင်းကန်တော့ပွဲ၊ နဂါးလှေပြိုင်ပွဲနှင့် လမုန့်ပွဲတော်တို့ဖြစ်ပြီး လမုန့်စားပွဲတော်တွင် တရုတ်လူမျိုးအချင်းချင်း မုန့်၊ လမုန့်စသည့် လက်ဆောင်များပေးလေ့ရှိပြီး မိသားစုများ စုံစုံလင်လင်စုစည်းပြီး စားသောက်ပျော်ရွှင်လေ့ရှိကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)