အင်ဂျန်းယန်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့်အပ်လွှာ ပေးအပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

အင်ဂျန်းယန်  အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့် အပ်လွှာပေးအပ်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကွမ်ဂျီးက သင်တန်းဖွင့်အမှာစကား ပြောကြာပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေး ခန့်အပ်လွှာများပေးအပ်သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ပညာရေးမှူး ဒေါ်မီမီချစ်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးတို့မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြားသည်။

ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်အောင်လင်းက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာစိုင်းကောင်းစံက ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်များကို လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်က မဲရုံပြင်ဆင်ခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ရေတွက် ခြင်းဆိုင်ရာကိစ္စရပ်များနှင့် မဲရုံသရုပ်ပြ လေ့ကျင့်ခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေး ပို့ချခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)