ကလေးစာပေပွဲတော်(ဝေါ) ပိတ်ပွဲအခမ်းအနားနှင့် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်

ဝေါ ‌ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဝေါ)၊ စာအုပ်စာ‌ပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီက ဝေါမြို့ ၊ မြို့နယ်ခန်းမ‌​၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေး ကအဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပံ့ပိုးကူညီပေးကြသောလှူရှင်များ အားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးကြည်နှင့် ကလေးစာပေပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အမှတ်ရလက်ဆောင်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ များချီးမြင့် ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကလေးစာပေပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦး က ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများပါဝင်ပြီး စကားပုံဆက်၊ အရုပ်ဆက်၊ စကောရွက်၊ ဘောလုံးကစားခြင်း(ဂိုးကျဉ်း)၊ ခွက်နင်းကစားခြင်း၊ ဖိနပ်စီးကစားခြင်း စသည့်ဂိမ်းကစားပွဲများ ပါဝင်သည့်အပြင် ကလေးစာဖတ်ခန်း၊ အသိပညာပေးပြခန်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဇန်နဝါရီ ၃ရက်မှ ၅ရက်အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)