ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

ဆွမ်ပရာဘွမ်   အောက်တိုဘာ  ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန်တွင် မြို့နယ်ဘန်ရူခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ဆွမ်ပရာဘွမ်မြို့နယ် မဲရုံ (၁၂)ရုံမှ အထူးရဲ (၁၂)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိကို RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ထွန်း ဦးဆောင်၍ ဓါတ်ခွဲကျွမ်းကျင်-၄ ဒေါ်ဆွတ်လန်ဂျာနောင်၊ အထက်တန်း သူနာပြု ဒေါ်စန်းမြအေးတို့က စစ်ဆေးပေးခဲ့ရာ အထူးရဲ (၁၂) ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုး Negative ဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် (၂) ရှိ မဲရုံ (၁၂) ရုံအတွက် အထူးရဲ (၁၂) ဦးကို မဲရုံလုံခြုံရေးအတွက် ခန့်အပ်ထားကြောင်း၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများနှင့်ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲ ကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း မလိုလားအပ်သော ပြဿနာ အနှောင့်အယှက်အဟန့်အတားများ မဖြစ်ပေါ်စေရေးနှင့် မူးယစ်သောက်စား ရမ်းကားဆူပူမှုများ မရှိစေရေးအတွက် လှည့်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)