ညောင်ရွှေ ဇန်နဝါရီ ၆
ဇန်နဝါရီလ ပထမပတ်ရုံးပိတ်ရက်အတွင်း ညောင်ရွှေမြို့နှင့် အင်းလေးဒေသတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရီးသွား ဧည့်သည်များသည် ညောင်ရွှေမြို့မှတစ်ဆင့် စက်လှေများဖြင့် အင်းလေးကန်သို့ အများဆုံး သွားရောက်လည်ပတ်ကြပြီး ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားများ ဖူးမြော်ခြင်း၊ လက်မှုလုပ်ငန်းများလေ့လာခြင်းနှင့် အမှတ်တရပစ္စည်းများဝယ်ယူခြင်းတို့အပြင် ခေါင်တိုင်ရေပူစမ်း၊ မိုင်းသောက်တံတားများသို့ပါ လည်ပတ်ကြသည်။
ပြည်ပခရီးသွားဧည့်သည်များသည်လည်း စက်လှေဖြင့် အင်းလေးကန်အတွင်းရှိ နေမှုထိုင်မှုဓလေ့များ၊ ရေပေါ်စိုက်ခင်းများ၊ ရိုးရာယဉ်ကျေးမှုများ၊ ဆောင်းခိုငှက်များ ကြည့်ရှုလေ့လာ မှတ်တမ်းတင်ကြသည့်အပြင် မီးပုံးပျံများစီးနင်း၍ လေ့လာလည်ပတ်လျက် ရှိကြောင်း သိရသည်။
နေမျိုးသူရိန်